Published on

ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေး ယိုယွင်းလာခြင်းဟာ စစ်အုပ်စုတွန်းလှန်ရေးအတွက် အခရာကျတဲ့အချက် ဖြစ်လာနိုင်ပါတယ်

ကျော်ဆန်းလှိုင်

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ (၁) ရက်နေ့မှာ စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံ‌ရေးဂယက်တွေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်ပျက်စီးမှုတွေ များစွာဖြစ်ခဲ့ရပါတယ်။ ဒီနေ့ဒီအချိန်မှာတော့ မြန်မာနိုင်ငံအတွင်းက ဒေသအများစုဟာ ပြည်တွင်းစစ်ထဲ ကျရောက်နေပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံး လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေ ထဲကတစ်ခု အခြေစိုက်ရာ ရခိုင်ပြည်နယ်မှာတော့ အာဏာသိမ်းမှုမတိုင်မီ ရယူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ပေးထားတဲ့ ငြိမ်းချမ်းရေး ခပ်ရေးရေးလေး ကျန်နေပါသေးတယ်။ 

အပစ်အခတ်ရပ်စဲရေးဟာ အဲဒီအချိန်တုန်းကတော့ စစ်အုပ်စုနဲ့ ရခ္ခိုင့်တပ်တော် (AA) နှစ်ဘက်လုံးအတွက် အကျိုးရှိတဲ့အရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ခုချိန်မှာတော့ စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနဲ့အတူ ဖြစ်လာတဲ့ဖိအားတွေကြောင့် ဒီငြိမ်းချမ်‌ရေး အပေးအယူဟာ ယိုင်နဲ့လာနေပြီး တကယ်လို့သာ ပျက်စီးသွားခဲ့ရင် စစ်အုပ်စုဟာ အင်အားကောင်းတဲ့ တော်လှန်ပုန်ကန်မှု နောက်တစ်ခုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ ဘယ်လောက် ကျူးလွန်ထားပါစေ ဂရုမစိုက်တာကြောင့် စစ်ပြန်ဖြစ်တာနဲ့ ရခိုင်ပြည်သူတွေဟာ အကျိုးဆက်အနေနဲ့ လေကြောင်းပစ်ခတ်မှုတွေ လက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေသာမက စစ်အုပ်စုရဲ့ လူမဆန်တဲ့ တန်ပြန်တိုက်ခိုက်မှုမျိုးစုံနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

အာဏာသိမ်းမှုကြောင့် လူထုအုံကြွမှုတွေ ချက်ချင်းဖြစ်လာခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ စစ်အုပ်စုဟာ သူတို့ရဲ့ ထိန်းချုပ်နယ်မြေ အတော်အတန် လက်လွတ်ဆုံးရှုံးလိုက်ရပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံတဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ တိုက်ပွဲအတွေ့အကြုံများတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေရဲ့ နေရာစုံက ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

တစ်ချို့ EAO တွေဟာ PDF တွေနဲ့ ပူးပေါင်းလာကြပြီး တစ်ချို့ကတော့ အကျပ်အတည်းထဲက အခွင့်အရေးကိုအသုံးချပြီး သူတို့ရေရှည် တိုက်ပွဲဝင်လာခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆက်လက်တည်ဆောက်လာနေကြပါတယ်။ လက်ရှိအချိန်အထိတော့ စစ်သည်အင်အား (၃၀,၀၀၀) လောက်ရှိတဲ့ AA ဟာ တိုက်ပွဲထဲ ဝင်ပါခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ်ဒေသအများစုမှာ အုပ်ချုပ်ရေးယန္တရားတည်ဆောက်မှုတွေ လုပ်လာပြီးတဲ့နောက် စစ်မြေပြင်ဘက် ပြန်လည်ဦးတည်လာပုံပေါ်တဲ့ သူတို့ကို အားလုံးက စောင့်ကြည့်နေကြပါတယ်။ AA နဲ့စစ်ပြန်ဖြစ်ရင် မြန်မာစစ်တပ်ဟာ အရင်းအမြစ်တွေ နည်းပါးလာနေတဲ့ကြားက စစ်မျက်နှာပြင်သစ်တစ်ခု ထပ်ဖွင့်လိုက်ရတာကြောင့် မြန်မာနိုင်ငံအနောက်ဘက် ဘင်္ဂလား‌ဒေ့ရှ်နယ်စပ်ဒေသကို ထိန်းချုပ်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ခြေ ရှိရုံသာမက ပြည်တွင်းစစ်ရဲ့ စစ်ရေးချိန်ခွင်လျှာအပေါ် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်စေနိုင်ပါတယ်။ 

ခုနောက်ပိုင်း လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) လို့ပြောင်းခေါ်ကြတဲ့ တော်လှန်ရေး အားပေး EAO တွေနဲ့ PDF တွေကြား စစ်ရေးအရ ညှိနှိုင်းဆောင်ရွက်မှုတွေ ပိုအားကောင်းလာခြင်း ဒါမှမဟုတ် နောက်ထပ် အင်အားကြီး ERO တစ်ဖွဲ့ ပူးပေါင်းတိုက်ပွဲဝင်လာခြင်းမရှိရင် စစ်အုပ်စုကို ပြိုလဲလာအောင်လုပ်ဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ သုံးသပ်သူအများအပြားက ပြောနေကြတာ မှန်ကန်မှုရှိပါတယ်။ ပြိုလဲလာမှုရှိခြင်း မရှိခြင်းထက် သေချာတာကတော့ စစ်ဗိုလ်ချုပ်တွေဟာ လွန်ခဲ့တဲ့တစ်နှစ်အတွင်း နိုင်ငံတစ်ဝှမ်းက နယ်မြေအများ အပြားမှာ အုပ်ချုပ်ရေးအာဏာ လက်လွတ်ဆုံးရှုံးခဲ့ရပြီး မြို့ပြဒေသ ပြင်ပနေရာတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး။ 

>>နွေဦးတော်လှန်ရေးနဲ့ ရက္ခိုင့်တပ်တော်

ရခိုင့်တပ်တော် (AA) ကို ဧပရယ်လ ၊ ၂၀၀၉ ခုနှစ်မှာ ကချင်ပြည်နယ် တရုတ်နယ်စပ်က တောင်ပေါ်မြို့ တစ်မြို့ဖြစ်တဲ့ လိုင်ဇာမှာ အင်အားကြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ လမ်းညွှန်မှုနဲ့ တည်ထောင်ခဲ့ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုခိုင်မာအောင် တည်ဆောက်ဖို့ ရခိုင်ပြည်နယ်ကို ၂၀၁၅ ခုနှစ်မှာ ပြန်လည်အခြေချ ခဲ့ပြီးနောက်မှာတော့ AA ဟာ အချိန်တိုအတွင်း အင်အားကြီးထွားလာခဲ့ပြီး စစ်အုပ်စုအတွက် အန္တရာယ်အကြီးဆုံးရန်သူတွေထဲက တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။ အာဏာသိမ်းမှုမတိုင်ခင် (၃) လလောက်အလိုမှာပဲ AA ဟာ စစ်အုပ်စုနဲ့ အလွတ်သဘော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည် အခြေစိုက် တပ်ဖွဲ့တွေအပြင် အခြားဒေသတွေမှာ မဟာမိတ်တွေကို ကူညီနေတဲ့ ရခိုင်စစ်သည် အနည်းဆုံး (၅,၀၀၀) လောက်ရှိတယ်လို့ AA ကဆိုပါတယ်။ သူတို့ရဲ့ နိုင်ငံရေးဦး‌ဆောင်အဖွဲ့ဖြစ်တဲ့ ရခ္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ကတော့ သူတို့အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ သုံးပုံနှစ်ပုံကျော်ကို စီမံအုပ်ချုပ်နေပြီလို့ ဆိုပါတယ်။ AA အနေနဲ့ လက်ရှိတော်လှန်ရေးလှုပ်ရှားမှာ ခြေစုံပစ်ဝင်လာရင် သူတို့ ဒုက္ခရောက်နိုင်တယ်ဆိုတာကို သုံးသပ်မိတဲ့ စစ်ကောင်စီဟာ AA ကိုအလံဖြူထောင်တဲ့ လုပ်ရပ်တွေ လုပ်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ (၁၈) လကြာ ပိတ်ထားခဲ့တဲ့ အင်တာနက်ကို ပြန်ဖွင့်ပေးခဲ့ပြီး ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်ကိုလည်း စစ်ကောင်စီအဖွဲ့ထဲမှာ နေရာတစ်နေရာ ကမ်းလှမ်းခဲ့ပါတယ်။ ထိန်းသိမ်းခံထားရတဲ့ ရခိုင်အမျိုးသား နိုင်ငံရေးသမား ဒေါက်တာအေးမောင်နဲ့ ရခိုင်စာရေးဆရာ ဝေဟန်အောင်တို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၊ (၁၃) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး AA အကြီးအကဲရဲ့ မိသားစုဝင်တွေကိုလဲ ဇွန်လ ၊ (၉) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ AA ဘက်က စစ်အုပ်စုအပေါ် တုန့်ပြန်မှုကတော့ ပုံသေပြောရခက်ပါတယ်။ သူတို့အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ စစ်အုပ်စု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ သိပ်မရှိခဲ့ပေမယ့် ရခိုင်ပြည်နယ် အပြင်ဘက်က တော်လှန်ရေး အင်အားစုတွေကို သိသိသာသာ ကူညီနေတာတွေရှိခဲ့ပါတယ်။ အထူးသဖြင့် AA ဟာ တော်လှန်ရေးအဖွဲ့ အနည်းဆုံး (၁၁) ဖွဲ့ကို သင်တန်းပို့ချမှု ဒါမှမဟုတ် လက်နက်ထောက်ပံ့မှု ပြုလုပ်ခဲ့ပြီး ဒီထဲက အနည်းဆုံး (၅) ဖွဲ့လောက်က AA ရဲ့ ပံ့ပိုးကူညီမှုတွေအကြောင်းကို လူသိရှင်ကြား ထုတ်ပြော လာကြပါတယ်။ 

(၁) ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) စတင်တည်ထောင်ချိန်ကတည်းက AA နဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ထောက်ပံ့ကူညီခဲ့တယ်လို့ အဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကဗျာဆရာ ကပြောပါတယ်။ 

(၂) တက္ကသိုလ်ကျောင်းသားသမဂ္ဂ (ရန်ကုန်) ကဖွဲ့စည်းထားတဲ့ ကျောင်းသားလက်ရုံးတပ်တော် ၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (မကွေး) နဲ့ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (Maraland Defense Force) တို့ကလည်း AA ဆီက လက်နက် ၊ စစ်သင်တန်းနဲ့ စစ်ရေးထောက်ပံမှုတွေအပြင် နည်းစနစ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေလည်း ရရှိကြတယ်လို့ ထုတ်ဖော်ပြောကြား ခဲ့ကြပါတယ်။

(၃) ၂၀၂၂ ခုနှစ် ၊ ဧပရယ်လ ၊ (၂၆) ရက်နေ့မှာလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် က AA သင်တန်းဆင်းပြီး ပြန်လာကြတဲ့ သူတို့ရဲဘော်တွေရဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ PDF တွေကို ထောက်ပံ့ကူညီရုံသာမက စစ်အာဏာသိမ်းပြီး (၁) လအကြာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ KIA နဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်အုပ်စုကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလည်း AA ရဲ့ရဲဘော်တွေ ပါဝင်ကူညီ တိုက်ပွဲဝင်ကြတယ်လို့ ကချင်ပြည်နယ်မှာရှိတဲ့ ရခိုင်သတင်းအရင်းအမြစ်တွေက ဆိုကြပါတယ်။ 

စစ်အုပ်စုအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသူတွေအပေါ် ရက်စက်နေတာတွေရပ်ပြီး ပြည်သူကတောင်းဆိုတဲ့ နိုင်ငံရေးအဖြေရအောင် မဆောင်ရွက်ရင် သူတို့အနေနဲ့ “မြန်မာ့နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြသော တိုင်းရင်းသား လူမျိုးပေါင်းစုံ ဘဝတူညီနောင်များနှင့်အတူ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် ပူးပေါင်း‌ ဆောင်ရွက်သွားမည်” ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ၊ မတ်လ ၊ (၃၀) ရက်နေ့မှာ ရခ္ခိုင့်တပ်တော် (AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပါဝင်ကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က သတိပေးခဲ့ပါတယ်။ စာထုတ်ပြီး (၁၀) ရက်အကြာ ပဲခူးမြို့မှာ စစ်တပ်ရဲ့ ဗုံးနဲ့ပစ်ခတ်မှုကြောင့် ဆန္ဒပြပြည်သူ အနည်းဆုံး (၈၂) ဦး သေဆုံးတဲ့ ဖြစ်ရပ်ဖြစ်ပြီး နောက်တစ်ရက်မှာ ညီနောင်မဟာမိတ်ဟာ ရှမ်းပြည်နယ် လားရှိုးမြို့နယ်က ရဲစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား (၈) ဦးသေဆုံးခဲ့ပါတယ်။ 

AA ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါအဝင် မြန်မာနိုင်ငံထဲက လှုပ်ရှားမှုအားအကောင်းဆုံး ERO အများအပြားနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။

နိုင်ငံရေးအရ အဖွဲ့ဝင်မဟုတ်ပေမယ့် AA ဟာ အာဏာသိမ်းမှုကြောင့် ဖယ်ရှားခံခဲ့ရတဲ့ အစိုးရအရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နဲ့လည်း ခိုင်မာတဲ့ ဆက်ဆံရေးရှိပါတယ်။ သူတို့အနေနဲ့ စစ်အုပ်စုကို ဖြုတ်ချဖို့ တူညီတဲ့ရည်ရွယ်ချက် ရှိကြတယ်လို့ NUG နဲ့ AA ထဲက သတင်းအရင်းအမြစ်တွေက ပြောကြပါတယ်။ 

>>ယိုင်နဲ့လာတဲ့အပစ်အခတ်ရပ်စဲရေး

AA ကတော်လှန်ရေးအင်အားစုတွေကို ကန့်လန်ကာနောက်ကွယ်က ကူညီနေတာဟာ စစ်အုပ်စုကို ကြီးကြီးမားမား ချိနဲ့သွားစေတာမျိုး မဖြစ်စေဘူးလို့ သတ်မှတ်ရင် AA အနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်အုပ်စုကို ထိပ်တိုက်ရင်ဆိုင်မှု လုပ်လာရင်လည်း စစ်အုပ်စုဆန့်ကျင်ရေး အင်အားစုတွေဘက် ထွေထွေထူးထူး အလေးသာလာနိုင်ခြေ ရှိနိုင်ပါမလားဆိုပြီး ဆွေးနွေးငြင်းခုန်မှုတွေ ရှိနေပါတယ်။

တိုက်ပွဲတွေ ပြန်ဖြစ်လာရင် ရခိုင်ပြည်သူတွေကြုံရမယ့် နောက်ဆက်တွဲတွေကို သုံးသပ်ပြီး International Crisis Group ကတော့ AA ကို စစ်အုပ်စုနဲ့ တရားဝင် အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ အကြံပြုထားပါတယ်။ တခြားသူ တွေကတော့ ဒါဟာ လက်တွေ့မကျတဲ့ အပေးအယူလို့ ငြင်းချက်ထုတ်ကြပါတယ်။ ပထမဆုံးအချက်ကိုပြောရရင် နှစ်ဘက်လုံးက လက်ရှိအခြေအနေကို မကြိုက်ကြပါဘူး။ ရခိုင်ပြည်နယ်ထဲမှာ ULA ဘက်က အုပ်ချုပ်ရေးယန္တရားတွေ တိုးချဲ့တည်ဆောက်နေတာကို စစ်အုပ်စုဘက်က သိပ်ပြီးသည်းခံလိုစိတ် မရှိတော့သလို ULA ရဲ့ အုပ်ချုပ်ရေးမှူး အများအပြားကို လူသိရှင်ကြားခြိမ်းခြောက်တာ ဖမ်းဆီးတာတွေ လုပ်လာနေပါတယ်။ 

မကြာသေးခင်ကပဲ ကရင်ပြည်နယ်ထဲက KNU နယ်မြေတစ်ခုမှာရှိတဲ့ AA အခြေစိုက် စခန်းတစ်ခုကို စစ်အုပ်စုက လေကြောင်းနဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်မှာ AA ရဲဘော် အနည်းဆုံး (၆) ဦးကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရကာ အထည်ချုပ်စက်ရုံတစ်ခုလည်း ပျက်စီးသွားခဲ့ပါတယ်။ ဒုတိယတစ်ချက်က ULA ဟာ သူတို့ရဲ့ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ်ပြုမှုမရှိတဲ့ ဘယ်လိုသဘောတူညီမှုမျိုးကိုမှ လက်ခံသွားမှာမဟုတ်ပါဘူး။ အများပါဝင်မှုနဲ့ ရေရှည်တည်မြဲမှုရှိတဲ့ သဘောတူညီမှုတစ်ခု ဖြစ်ဖို့ဆိုရင် ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်တဲ့ အခြေခံကျတဲ့ အချက်တွေလဲ ပါဖို့လိုအပ်ပါလိမ့်မယ်။ စစ်အုပ်စုဟာ ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုင်းအဝိုင်း တွေကြားမှာ မီးမွေးဖို့ ဆက်လက်ကြိုးစားနေတာကြောင့် ဒါဟာလည်း လက်တွေ့တော့ မကျပါဘူး။ နောက်ဆုံးအချက်ကတော့ အလွတ်သဘော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ငြိမ်းချမ်းရေး မတည်ဆောက်‌ပေးနိုင်ဘူးဆိုရင် တရားဝင်သဘောတူညီချက်ကလည်း စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ 

ရခိုင်ပြည်နယ်ဟာ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အတော်အတန် တည်ငြိမ်မှုရှိလာခဲ့ပေမယ့် ရခိုင်ပြည်နယ်အတွင်း စစ်အုပ်စုရဲ့ ကန့်သတ်ပိတ်ပင်မှုတွေနဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံတစ်ဝှမ်း စီးပွားရေးကဏ္ဍ ပြိုလဲလာမှုတွေကြောင့် ရခိုင်ပြည်သူတွေဟာ ဆိုးရွားတဲ့ လူမှုရေးနဲ့ စီးပွားရေး ရိုက်ခက်မှုဒဏ်ကို ခံစားနေရပါတယ်။ 

>>ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်စစ်ပွဲဖြစ်နိုင်လား

AA နဲ့ စစ်အုပ်စုဟာကြား ပိုမိုတင်းမာလာနေပါတယ်။ ဇွန်လ (၁၃) ရက်နေ့မှာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ကို ရောက်လာတဲ့ စစ်ကောင်စီ ဒုတိယအကြီးအကဲဟာ “အချိန်မရွေးတိုက်ဖို့အသင့်ပြင်ထားကြပါ” လို့ သူ့တပ်ဖွဲ့တွေကို မှာခဲ့ပါတယ်။ ဒီလိုပြောပြီး တစ်ပတ်အကြာမှာ စစ်အုပ်စုဟာ စစ်တွေ ၊ မြောက်ဦး ၊ ကျောက်တော်နဲ့ ပုံဏားကျွန်းမြို့တွေက AA နဲ့ဆက်စပ်တဲ့သူတွေကို ဖမ်းဆီးတာတွေ စလုပ်လာခဲ့ပါတယ်။ မြို့အဝင်အထွက်ကို ပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီး ခုဆိုရင် AA ရဲ့ဘော်တွေနဲ့ ULA အုပ်ချုပ်ရေး တာဝန်ရှိသူတွေကိုရှာဖို့ ဟိုတယ် ၊ တန်းခိုခန်းနဲ့ လူနေအိမ်တွေကို ပုံမှန်စစ်ဆေးတာတွေ လုပ်နေပါတယ်။ AA ဘက်က ဒါကိုတုန့်ပြန်တဲ့အနေနဲ့ စစ်တွေ ၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့မှာ စစ်အုပ်စုရဲ့ ရေတပ်ဗိုလ်တစ်ဦးနဲ့ စစ်သားအချို့ကို ပြန်ပြီးဖမ်းဆီးခဲ့ပါတယ်။

အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း စစ်အုပ်စုဘက်က ထွက်ပြေးလာတဲ့ တပ်သားရာနဲ့ချီ လက်ခံထားတယ်လို့လည်း AA က မကြာသေးခင်က ပြောခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက မောင်းတောနဲ့ ပလက်ဝ မြို့နယ်တွေမှာ တိုက်ပွဲငယ်တစ်ချို့ ပြန်ဖြစ်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ ပြန့်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်ပွဲဖြစ်ခါနီး အခြေအနေရောက်တိုင်း တင်းမာမှုတွေ ပြန်လည်လျော့ကျ သွားတာကို ကြည့်ခြင်းအားဖြင့် ခုချိန်မှာ ပေါ်ပေါ်ထင်ထင်ပြန်တိုက်ကြရင် အကျိုးမရှိဘူးလို့ နှစ်ဘက်လုံးက တွက်ထားပုံရပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း AA နဲ့ စစ်အုပ်စုကြားက ကြီးထွားလာနေတဲ့ တင်းမာမှုတွေဟာ တစ်ကျော့ပြန် စစ်ပွဲဆီကို ပြန်ပြီးဦးတည်လာနိုင်စရာ အကြောင်းရင်း (၃) ခုရှိပါတယ်။ (၁) စစ်အုပ်စုဟာ ULA/AA ကို ရခိုင်ပြည်နယ်မှာ နယ်မြေထိန်းချုပ်မှု ထပ်ပြီးမတိုးချဲ့အောင် တားဆီးနေပါတယ်။ (၂) စစ်အုပ်စုရဲ့ စစ်တပ်ထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဖိအားပေးတာတွေ ပိုတိုးလာနေတယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။ 

AA နဲ့ အပစ်အခတ်ရပ်စဲရေး ဆက်လုပ်ဖို့ စစ်အုပ်စု ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို အရင်က AA ကိုတိုက်တဲ့စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တဲ့ အကြီးတန်း စစ်ဗိုလ်တွေက မကြိုက်ကြဘူးလို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။ AA ဟာ ရန်သူဖြစ်ပြီး တစ်ခြားနေရာ တွေမှာလည်း တော်လှန်ရေး သမားတွေကို ကူညီနေသူတွေဖြစ်တယ်လို့ ဒီစစ်ဗိုလ်တွေက မြင်ကြပါတယ်။ (၃) မိုးတွင်းဟာ စစ်အုပ်စုရဲ့ လေကြောင်းအင်အားအပေါ် အကန့်အသတ်တွေ ဖြစ်စေပါတယ်။ ဒါဟာ AA အတွက် တိုက်ပွဲပြန်ဖော်ဖို့ အချိန်ကောင်း ဖြစ်နိုင်ပါတယ်။ တိုက်ပွဲတွေပြန်ဖြစ်လာမယ်ဆိုရင် AA နဲ့ စစ်အုပ်စုတို့ နှစ်ဘက်လုံးက လက်မလွတ်လိုတဲ့ မဟာဗျူဟာကျတဲ့ နယ်မြေတွေမှာ စဖြစ်နိုင်ခြေအများဆုံးရှိပါတယ်။ ဥပမာ AA ဘက်က မောင်းတောမြို့နယ်အနီးက နေရာတွေ အထူးသဖြင့် စစ်အုပ်စုတပ်ဖွဲ့တွေ အခွန်အခ အတော်အတန်ရနေတဲ့ တရားဝင် ဘင်္ဂလားဒေ့ရှ်နယ်စပ် ထွက်ပေါက်ကို သိမ်းယူဖို့ ကြိုးစားရင် စစ်အုပ်စုဘက်က သေချာပေါက် အင်အားသုံး တုန့်ပြန်လာမှာဖြစ်တယ်။

>>ပြည်တွင်းစစ်ထဲက စစ်မျက်နှာသစ်တစ်ခုရဲ့ သက်ရောက်မှုများ

ရခိုင်ပြည်နယ်မှာ စစ်ပြန်ဖြစ်ရင် တစ်နိုင်ငံလုံးအတိုင်းအတာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ AA ဟာ စစ်အုပ်စုတပ်ဖွဲ့တွေကို ရခိုင်ပြည်နယ်တစ်ခုလုံးထဲကနေ တိုက်ထုတ်ချင်တာကြောင့် တိုက်ပွဲတွေဟာ AA ထိန်းချုပ်ထားတဲ့ ကျေးလက်ဒေသတွေ ကနေတစ်ဆင့် စစ်ပွဲကြီးကြီးမားမား မကြုံဖူးတဲ့ ရခိုင်ပြည်နယ် မြို့ပြပေါ်အထိ အချိန်တိုအတွင်း ကူးစက်လာနိုင်ပါတယ်။ 

တိုက်ပွဲတွေဟာလည်း မဟာမိတ်တွေရဲ့ နယ်မြေတွေထဲအထိ ပြန့်နှံ့လာနိုင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေ တွေထဲကိုသာမက AA ကကူညီပေးနေတဲ့ ဧရာဝတီ ၊ ပဲခူး ၊ မကွေးနဲ့ ချင်းပြည်နယ် ဘက်ထဲအထိပါ ကူးစက်လာနိုင်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်က တစ်‌ကျော့ပြန်စစ်ပွဲဟာ ဒီပဋိပက္ခအတွင်းမှာ စစ်ရေးအရ တော်လှန်ရေး အင်အားစုတွေဘက်ကို အလေးသာသွားစေနိုင်ပါတယ်။ 

စစ်အုပ်စုဟာ စစ်မျက်နှာပြင်အသစ်အတွက် အရင်းအမြစ်တွေ ခွဲဝေသုံးစွဲရတာကြောင့် အန္တရာယ်များတဲ့ အင်အားဖြန့်ကျက်မှု လုပ်ရတဲ့အခြေအနေထဲ ရောက်သွားနိုင်ပြီး စစ်ကိုင်း ၊ မကွေး ၊ ကရင်နီ ၊ ကရင်နဲ့ အခြား အင်အားစုတွေအနေနဲ့ နယ်မြေထိန်းချုပ်မှု တိုးချဲ့ဖို့ အခွင့်အလမ်း ပွင့်သွားစေနိုင်ပါတယ်။ AA ခေါင်းဆောင်ပိုင်းတွေအတွက် ဆုံးဖြတ်ရခက်စေတဲ့ တစ်ခုတည်းသောအချက်က ဒီလိုအခြေအနေဖြစ်အောင် ဖန်တီးဖို့ တစ်ဖက်မှာ တုန့်ပြန်လက်စားခြေမှုများပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုက ရခိုင်ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်လာမှာကို ရင်ဆိုင်ရမယ်ဆိုတဲ့ အရှိတရားပဲဖြစ်တယ်။ 

ကျော်ဆန်းလှိုင် သည် ရခိုင်ပြည်နယ်မှ အလွတ်တမ်း သုတေသနပြုသူတစ်ဦးနှင့် သတင်းထောက်တစ်ဦးဖြစ်ပြီး လူ့အခွင့်အရေး၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် မြန်မာနိုင်ငံ ပြည်တွင်းစစ်နှင့် စစ်အာဏာသိမ်းမှု ဆက်စပ် အကြောင်းအရာများကို ရေးသားနေသူဖြစ်သည်။ 

--Disclaimer အထက်ပါ ဘာသာပြန်ဆိုမှုသည် အလွတ်သဘော ဘာသာပြန်ဆိုမှုသာ ဖြစ်ပြီး မူရင်းစာရေးသူ၏ အာဘော် အပြည့်အ၀အား ကိုယ်စားပြု ပြန်ဆိုမှုတွင် အားနည်းချက်များ ရှိနိုင်ကြောင်းနှင့် ဆောင်းပါးရှင်၏ သဘောထားများသည် ACDD အဖွဲ့အစည်း ၏ နိုင်ငံရေးအာဘော်အား ကိုယ်စားပြုမှုမရှိပါကြောင်း အသိပေးအပ်ပါသည်။ဘာသာပြန်လင့် -https://www.facebook.com/1087785347917887/posts/5913852258644481/?d=nမူရင်းလင့် - https://www.usip.org/.../myanmars-rakhine-state-fraying...