← Back to portfolio
Published on

မောင်တောတွင် တိုက်ခိုက်ခြင်း – မြန်မာနိုင်ငံအနောက်ဘက်ပိုင်းက ဗျူဟာမြောက်အချိုးအကွေ့?

ကျော်ဆန်းလှိုင် (သည် ဒီပလိုမက် – စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်)

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်ဖွဲ့ (အေအေ) တို့အကြား ပြင်းထန်သည့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့အပြီး နှစ်လခန့်အကြာ စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက၊ အေအေ၏ ဒုတိယစစ်ဦးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရခိုင်လူထုသို့ သတင်းစကား ပါးလာခဲ့သည်။ ထိုသတင်းစကားအတွင်း စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေသည့်စစ်ပွဲအား “ရခိုင့်နိုင်ငံ တည်ဆောက်ရေး” အတွက် “အဆုံးသတ်နှင့် အဆုံးအဖြတ်စစ်ပွဲ” အဖြစ် အဖြစ် ဖေါ်ပြထားသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ယူအယ်လ်အေ) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် အေအေကို ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (ကေအိုင်အေ) ၏ လမ်းညွှန်မှုဖြင့်၊ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ၂၀၀၉ ခုနှစ် ဧပြီလက ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ အေအေသည် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ ရွှေ့ပြောင်းအခြေချလာခဲ့ပြီး၊ ကျောက်တော်နှင့် အိမ်နီးချင်း ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ်များအတွင်း မြန်မာစစ်တပ်နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် တိုက်ပွဲများက ပြင်းထန်လာခဲ့ပြီး၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲများကျင်းပချိန် မတိုင်မီအထိ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ရွေးကောက်ပွဲ မကျင်းပမီနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သား အစိုးရကို မြန်မာစစ်တပ်က ဖယ်ရှားကာ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်မီ ၃ လအလိုအထိ၊ ဂျပန် ငြိမ်းချမ်းရေး ကိုယ်စားလှယ်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ရခိုင်ပြည်နယ်အတွင်း အလွတ်သဘော အပစ်အခတ် ရပ်စဲမှုကို အေအေက သဘောတူညီခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် အေအေက ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများကို ရှောင်ရှား‌ခဲ့ပြီး၊ ထိုအစား ၎င်း၏ စစ်အင်အားကို တိုးမြှင့်တည်ဆောက်ရန်နှင့် လက်အောက်ခံ နယ်မြေများတွင် အုပ်ချုပ်ရေးကို တိုးချဲ့ဖြန့်ကျက်ရန် အခွင့်အရေးကို ရယူခဲ့သည်။ ခြောက်လအကြာတွင်၊ ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်၏ သုံးပုံနှစ်ပုံအား တရားဝင်ထိန်းချုပ် ထားနိုင်ပြီး၊ ၎င်း၏မဟာမိတ်များ ထိန်းချုပ်ထားရာ ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ တပ်ဖွဲ့ဝင် အနည်းဆုံး ၆,၀၀၀ အပါအဝင် တပ်ဖွဲ့ဝင် ၃၀,၀၀၀ ရှိနေကြောင်း၊ အခိုင်အမာပြောဆိုခဲ့သည်။

ဂျွန်လ အစောပိုင်းတွင်၊ စစ်အုပ်စုက ရခိုင်ပြည်နယ်တစ်ဝန်း ၎င်း၏ တပ်စွဲထားမှုများကို အင်အားဖြည့်တင်းလာမှုနှင့်၊ မြို့တော်နေပြည်တော်တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ရန် စစ်အုပ်စု၏ ဖိတ်ကြားမှုကို အေအေက ငြင်းဆိုခဲ့မှုတို့ကြောင့်၊ အေအေနှင့် စစ်အုပ်စုတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အခြေအနေက ဆိုးလာခဲ့သည်နှင့်အတူ၊ ရခိုင်ပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့သည့် စစ်အုပ်စု၏ ဒုတိယခေါင်းဆောင်က “တိုက်ပွဲအတွက် အချိန်မရွေး အသင့်ရှိနေရန်” ၎င်း၏ တပ်ဖွဲများကို အမိန့်ပေးခဲ့သည်။

များမကြာမီတွင်၊ စစ်အုပ်စု၏ တပ်ဖွဲ့များက မြောက်ဦး၊ စစ်တွေ၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် အေအေနှင့် ဆက်စပ်နေသည့် လူဒါဇင်ပေါင်းများစွာကို စတင်ဖမ်းဆီးခဲ့ပြီး၊ အဆိုပါမြို့များ၏ ထွက်ပေါက်များကို ပိတ်ဆို့ကာ အေအေတပ်ဖွဲ့ဝင်များကို ရှာဖွေရန် ဟိုတယ်များ၊ တည်းခိုခန်းများနှင့် လူနေအိမ်များကို ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ အေအေက ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်ဒေသများတွင် စစ်အုပ်စု တပ်ဖွဲ့ဝင် အယောက် ၂၀ ထက်မနည်းကို ဖမ်းဆီးကာ လက်တုံ့ပြန်ခဲ့သည်။

ပါးကိုက်၍နားပြန်ကိုက်သည့် အမြင့်ဆုံး တုံ့ပြန်မှုအဖြစ်၊ စစ်အုပ်စုက ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်အတွင်း ကေအန်ယူထိန်းချုပ်ရာ နယ်မြေအတွင်းရှိ အေအေတပ်စခန်းတစ်ခုအား ဂျူလိုင်လ ၄ ရက်နေ့က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် အေအေတပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ နောက်ထပ် ၁၂ ရက်အကြာတွင် မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ စစ်အုပ်စု၏ တပ်ဖွဲ့များအား အေအေက လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ၊ လေးဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ၁၄ ဦးထက်မနည်းကို အသက်ရှင်လျက် ဖမ်းဆီးရမိခဲ့သည်။ ထိုအချိန်မှစ၍၊ ရခိုင်ပြည်နယ်တစ်ဝန်း အထူးသဖြင့် မောင်တောမြို့နယ် မြောက်ပိုင်းနှင့် အိမ်နီးချင်း ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ်တို့တွင်၊ လက်နက်ကိုင် တိုက်ပွဲများစွာ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

• မောင်တောမြောက်ပိုင်း တိုက်ပွဲများ •

ပြည်တွင်းသတင်းများနှင့် အေအေ၏ ထုတ်ပြန်ချက်များအပေါ် အခြေခံ၍၊ ဂျူလိုင်လ ၁၆ ရက်နေ့မှ စတင်ကာ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ၁၆ နေရာ အပါအဝင်၊ အနည်းဆုံး ၁၈ နေရာတွင် အေအေနှင့် စစ်အုပ်စုတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။ အေအေက စစ်အုပ်စုတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀၀ ကို သေဆုံးစေခဲ့ကာ လက်နက် ဒါဇင်ပေါင်းများစွာကို သိမ်းဆည်းရမိခဲ့ပြီး၊ မောင်တောမြောက်ပိုင်းတွင် အနည်းဆုံး ၃၁ ခု အပါအဝင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များအတွင်း ကင်းစခန်းနှင့် စစ်စခန်း ၃၆ ခုထက်မနည်းကို ဖျက်ဆီးပစ်ခဲ့သည်။ ကြီးကန်ပြင်ရှိ ဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲသည့် တပ်ဖွဲ့ဝင် ၈,၀၀၀ ကျော်တို့နှင့်အတူ၊ နယ်ခြားစောင့် တပ်ဖွဲ့များ အပါအဝင် အနည်းဆုံး စစ်အုပ်စု၏ ကင်းစခန်းနှင့် စစ်စခန်း ၂၀၀ နီးပါးမျှ မောင်တောမြို့နယ် တစ်ခုတည်းအတွင်း တပ်စွဲထားသည်ဟု ခန့်မှန်းရသည်။

မကြာသေးမီက၊ ဗျူဟာမြောက် စစ်စခန်း ၃ ခုတို့ ဖြစ်ကြသည့်၊ ဂျိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် ၃ ကီလိုမီတာ အကွာရှိ ခြေမြန်တပ်ရင်း အမှတ် ၃၅၂၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင်အမှတ် ၄၀ အနီးရှိ နယ်ခြားစောင့် ရဲကင်းစခန်းနှင့် တောင်ပြိုမြို့မှ အရှေ့ဘက် ၂ မိုင်အကွာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင်အမှတ် ၃၇ အနီးရှိ မီးတိုက်စခန်းတို့ကို အေအေက သိမ်းပိုက်နိုင်ခဲ့သည်။ အကယ်၍ အေအေက ကျန်ရှိနေသေးသည့် မြန်မာစစ်တပ် စခန်းလေးခုအား သိမ်းပိုက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ပြုနိုင်ခဲ့ပါက၊ မြို့နယ်တစ်ခုလုံးကို ထိရောက်စွာ ထိန်းချုပ်နိုင်ပြီဟု ဆိုနိုင်မည် ဖြစ်သည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် အေအေက “စစ်ရေးတင်းမာမှုများမှာ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာနေပြီး ရခိုင်ပြည်နယ်အတွင်း စစ်မြေပြင်၏ အဝန်းအဝိုင်းက ကျယ်ပြန့်လာနေသည်” ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ စစ်အုပ်စုက ၎င်း၏တပ်ဖွဲ့များကို ဖြန့်ကျက်နေရာချထားနေပြီး၊ စစ်ကူများနှင့် နောက်ထပ် လက်နက်များကို ထပ်တိုးချထားလာလျက် ရှိနေသည်ဟု အခိုင်အမာ ပြောဆိုလိုက်သည်။ အေအေက လူထုအား၊ အမှန်တကယ် အသက်အန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများမှလွဲ၍ ခရီးသွားလာမှု မပြုရန်နှင့်၊ စစ်အုပ်စု တပ်စခန်းများ၊ နယ်ခြားစောင့် ကင်းစခန်းများနှင့် စစ်ဆေးရေးဂိတ်များအနီးသို့ သွားလာခြင်းမပြုကြရန် တိုက်တွန်းထားသည်။ လူထုအနေဖြင့် ခရီးသွားရန် လိုအပ်ပါက သက်ဆိုင်ရာ အေအေနှင့် ယူအယ်လ်အေရုံးများသို့ ကြိုတင်အသိပေး အကြောင်းကြားသင့်ကြသည်ဟု အေအေက ဆိုသည်။

အေအေနှင့် တိုက်ပွဲများ ဖြစ်ပွားချိန်မှစ၍၊ စစ်အုပ်စုက အေအေကို လေကြောင်းမှ တိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး၊ ဆုံးရှုံးသွားရသည့် ကင်းစခန်းများနှင့် စစ်စခန်းများကို ပြန်လည် သိမ်းယူနိုင်ရန်အတွက် မောင်တောမြောက်ပိုင်းသို့ တပ်ဖွဲ့ဝင် ၈၀၀ ထက်မနည်းကို စေလွှတ်ခဲ့သည်။ စစ်အုပ်စု တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဒေသခံအများအပြားကို အနီးရှိ အေအေစခန်းများအား တိုက်ခိုက်မှုအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ယုံကြည်ရသည်။ ထို့အပြင် ရခိုင်နှင့် ရိုဟင်ဂျာ အပါအဝင် အခြားသော တိုင်းရင်းသား လူမျိုးစု အရပ်သားများကိုလည်း ၎င်းတို့၏ ကျေးရွာများတွင်သာ ဆက်လက် နေထိုင်ရန်နှင့်၊ အေအေတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို သတင်းပို့ရန် စစ်အုပ်စုက သတိပေးထားခဲ့သည်။ ၎င်းတို့အား မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို လူမှုကွန်ရက်ပေါ်တွင် မတင်ရန် သို့မဟုတ် မှတ်တမ်းတင်မထားရန် သတိပေးခြင်းကိုလည်း ကြုံခဲ့ကြရသည်။

ယခုလအစောပိုင်းက တိုက်ပွဲများအတွင်း၊ စစ်အုပ်စုက ပစ်ခတ်လိုက်သည့် စိန်ပြောင်းကျည် အများအပြားက နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ထို့ကြောင့်၊ ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်အုပ်စု ခန့်အပ်ထားသည့် မြန်မာသံအမတ်ထံ တရားဝင်ကန့်ကွက်လွှာကို အနည်းဆုံးသုံးကြိမ် ပေးအပ်ခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နေ့က၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘင်ဒရာဘင်ခရိုင်အတွင်းသို့ မြန်မာနိုင်ငံဘက်မှ စိန်ပြောင်းကျည်များ ကျရောက်ခဲ့ရာတွင် အသက် ၁၇ နှစ်အရွယ် ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

အေအေနှင့် စစ်အုပ်စုကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူပေါင်း ၇,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုမှာ မောင်တောမှ ဒေသခံလူထုများ ဖြစ်ကြသည်။ စစ်အုပ်စုက ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်း အိုင်အန်ဂျီအိုများကို၊ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။ အလားတူပင်၊ အေအေကလည်း ရခိုင်ပြည်နယ်အတွင်း မြစ်ကြောင်းနှင့် ကုန်းလမ်းများတစ်လျှောက် သွားလာနေကြသည့် ယာဉ်များအားလုံးကို စစ်ရေးအရ လိုအပ်ချက်များနှင့်အညီ စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

• ဗျူဟာမြောက် အချိုးအကွေ့ တစ်ခုလား •

မောင်တောတွင် ပြန်လည်ဖြစ်ပွားနေသည့် တိုက်ပွဲများက၊ အဘယ့်ကြောင့် အေအေ၏ “လွတ်လပ်သည့် ရခိုင့်နိုင်ငံ” ထူထောင်ရန် ရေရှည်ရည်မှန်းချက်အ‌ပေါ် ထူးခြားကြီးမားသည့် ဗျူဟာမြောက် သက်ရောက်မှုများ ရှိလာစေနိုင်သည် ဆိုသည့် အကြောင်းရင်းများ များစွာရှိနေသည်။ ပထမအချက်အနေဖြင့်၊ အိန္ဒိယအစိုးရက အကောင်အထည်ဖော်နေသည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အရေးကြီးသည့်အပိုင်းက အရှေ့ဘက်ရှိ ချင်းပြည်နယ် ပလက်ဝမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြို့နယ်အတွင်း တည်ရှိနေသည်။ အဆိုပါ စီမံကိန်းက အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကာလကတ္တားဆိပ်ကမ်းနှင့် စစ်တွေမြို့တို့အကြား ပင်လယ်ရေကြောင်းဖြင့် ချိတ်ဆက်ပေးမည်ဖြစ်ပြီး၊ စစ်တွေမှ ပလက်ဝမြို့နယ်သို့ ကုလားတန်မြစ်ကြောင်းဖြင့် တစ်ဆင့်ချိတ်ဆက်ကာ၊ ထိုမှတဆင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ရှိ မီဇိုရမ်ပြည်နယ်သို့ ကုန်းလမ်းဖြင့် ချိတ်ဆက် ဆက်သွယ်ပေးမည် ဖြစ်သည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် ရုပ်သံချိတ်ဆက်မှုဖြင့် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ယူအယ်လ်အေ၏ ပြောရေးဆိုခွင့်ရှိသူက၊ ၎င်းတို့အဖွဲ့အနေဖြင့် ကုလားတန် စီမံကိန်းနှင့်ပတ်သက်၍ အိန္ဒိယအစိုးရနှင့် ညှိနှိုင်းမှုအချို့ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နောက်ထပ် သီတင်းနှစ်ပတ်အကြာတွင်၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ် ဘီဘီကနန်ဒါ ဘတ်တာမစ်ရှရာက ရခိုင်ပြည်နယ် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်၊ ကုလားတန် စီမံကိန်း၏ လမ်းအစိတ်အပိုင်းက ပြီးစီးလုနီးပါး ဖြစ်နေကြောင်း ပြောဆိုခဲ့သည်။ မောင်တောကို ထိန်းချုပ်ခြင်းက၊ ယူအယ်လ်အေအား ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အိန္ဒိယအစိုးရနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံရန် ကောင်းမွန်သည့် အနေအထားသို့ ရောက်ရှိလာစေပြီး၊ နယူးဒေလီအနေဖြင့်လည်း ရှောင်လွှဲ၍ ရနိုင်လိမ့်မည် မဟုတ်ချေ။

ဒုတိယအချက် အနေဖြင့်၊ အေအေက မောင်တောကို ထိန်းချုပ်နိုင်ခဲ့မည်ဆိုလျင် ထိုဒေသမှ ရိုဟင်ဂျာများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ရိုဟင်ဂျာအရပ်သားများကို အတင်းအဓမ္မ ရွှေ့ပြောင်းသွားစေမှုများအား စုံစမ်းစစ်ဆေးရာတွင်၊ ကုလသမဂ္ဂ ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အဖွဲ့အနေဖြင့် ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်သည်။ မောင်တောသည် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲခံထားရသည့် တိုက်ခိုက်မှုများအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည့် ရိုဟင်ဂျာ ၇၅၀,၀၀၀ ခန့်တို့၏ တစ်ချိန်က နေထိုင်ရာဒေသ ဖြစ်ခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း အေအေက၊ အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ရိုဟင်ဂျာမိသားစုများကို လူမျိုးတုံးသတ်ဖြတ်မှုများအတွင်း ပါဝင်ခဲ့ကြောင်း ဝန်ခံထားသည့် မြန်မာစစ်သားနှစ်ဦးကို သည်ဟေ့ဂ်ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (အိုင်စီစီ) သို့ ပို့လွှတ်ခဲ့သည်။ ထိုစစ်သားနှစ်ဦးကို လအနည်းငယ်စော၍ အေအေက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ထိုနှစ် အောက်တိုဘာလအတွင်း၊ အေအေနှင့်အတူ မဟာမိတ်အဖွဲ့ နှစ်ဖွဲ့တို့က၊ ရခိုင်ပြည်နယ်မှ “မွတ်ဆလင် လူနည်းစု” အပါအဝင် လွဲမှားသည့် မတရားပြုမှုများအတွက် မြန်မာစစ်တပ်အား တရားစွဲဆိုရန် ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံး အချက်မှာ၊ မောင်တောမြို့နယ်သည် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားတွင် ရှိနေသည့် အဓိက စီးပွားရေးနှင့် ကုန်သွယ်မှုလမ်းကြောင်း ဖြစ်သည်။ ထို့ကြောင့် မောင်တောမြို့နယ်ကို ထိန်းချုပ်ရန် အေအေ၏ ကြိုးပမ်းမှုက၊ နယ်စပ်ကုန်သွယ်ရေးတွင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံလိုကြောင်းနှင့်၊ အနာဂတ်တွင် ဖြစ်နိုင်ခြေရှိသည့် ရိုဟင်ဂျာ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးတို့အပေါ် ထားရှိသည့် ၎င်းတို့၏ လိုအင်ဆန္ဒကို ရောင်ပြန်ဟပ်လျက် ရှိနေသည်။ အဆိုပါ အပြန်အလှန် ဆက်ဆံမှုများမှတစ်ဆင့်၊ အဖွဲ့က ၎င်း၏ – ရည်မှန်းချက်တွင် အဓိကအစိတ်အပိုင်းဖြစ်သည့် ဒေသအတွင်း တရားဝင်အစိုးရ တစ်ရပ်အဖြစ် လက်ခံဆက်ဆံခံရမှုအတွက် –နိုင်ငံတကာအသိုက်အဝန်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်သွားနိုင်မည် ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း အေအေ/ယူအယ်လ်အေက၊ နိုင်ငံခြားအစိုးရများက ၎င်းတို့အား ရခိုင်ပြည်နယ်၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသည့် အနေအထားဖြင့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဤအကြောင်းအချက်များ အားလုံးကြောင့်၊ စစ်အာဏာရှင်အုပ်စုက မောင်တောကို ကာကွယ်ပြီး ဆုံးရှုံးသွားသည့် နယ်မြေဒေသများကို ပြန်လည်သိမ်းပိုက်နိုင်ရန် အပြင်းအထန် တိုက်ခိုက်သွားလိမ့်မည် ဆိုသည့်အပေါ် သံသယရှိစရာ မလိုပေ။ သို့ရာတွင်၊ ကျန်ရှိနေသည့် ၎င်း၏ ထိန်းချုပ်ရာနယ်မြေများကို မည်မျှကြာသည်အထိ ကာကွယ်သွားနိုင်မည်နည်း ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေရသည်။

မြန်မာစစ်တပ်အနေဖြင့် လက်ရှိအချိန်တွင်၊ ကျန်ရှိနေသည့် တိုင်းပြည်ဒေသများ၏ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်မျက်နှာများစွာတွင် ရင်ဆိုင်တိုက်ပွဲဝင်နေရခြင်းက – လွတ်လပ်ရေးရရှိမှု လမ်းကြောင်းပေါ်တွင် ထင်ရှားသည့် မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်ရေးအတွက် – မောင်တောဒေသအား စိန်ခေါ်မှုမရှိဘဲ ထိန်းချုပ်မှုပြုနိုင်ရန် အခွင့်အလမ်းကို ရခိုင့်တပ်ဖွဲ့အတွက် ဖန်တီးပေးလျက် ရှိနေသည်။

Original article: “Fighting in Maungdaw: A Strategic Turning Point in Western Myanmar?” – Written by: Kyaw Hsan Hlaing – Source: The Diplomat – September 21, 2022.

(သိန်းမော် ပြန်ဆိုသည် – စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်)

0 Comments Add a Comment?

Add a comment
You can use markdown for links, quotes, bold, italics and lists. View a guide to Markdown
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply. You will need to verify your email to approve this comment. All comments are subject to moderation.

Subscribe to get sent a digest of new articles by Kyaw Hsan Hlaing

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.